အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဆင်း

ဘားအံ ဇွန် ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေး နှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဆင့်မြင့်မော်တာအပ်ချုပ် စက်ပညာရပ်များကို စနစ်တကျ သင်ကြားတတ်မြောက်ထားပါက မိသားစုအတွင်း လက်ဆင့် ကမ်းပညာအမွေပေးနိုင်ပြီး နိုင်ငံရပ်ခြား သွားရောက်လုပ်ကိုင်စားသောက်ရခြင်းမှကင်းဝေး၍ မိမိကိုယ်တိုင်ဆိုင်ဖွင့်ခြင်းဖြင့် ဝင်ငွေပိုမိုရရှိလာနိုင်ကာ မိသားစုစားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် ပိုမိုပြည့်စုံအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား အပ်ချုပ်စက်တစ်လုံးစီ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ကာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်က သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းခန်းမအတွင်းရှိ သင်တန်းဆင်းသင်တန်းသူ များကိုယ်တိုင် ချုပ်လုပ်ထားသော သင်တန်းဆင်းလက်ရာများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ(၉)ရွာမှ သင်တန်းသူ(၂၀)ဦးဖြင့် ဇွန်လ (၁)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့ထိ ရက်သတ္တပတ်(၄)ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး လုပ်ငန်းအတွေ့အကြုံရှိ သင်တန်းဆရာ/မများက စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှာကမြင်ကွက်သစ်ရှိ မြေဧရိယာ ၅ ဒသမ ၁၀ ဧကပေါ်တွင် လှာကမြင်မြို့သစ်ပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်ရှိ ၁၀ ပေအကျယ် လူသွားလျှောက်လမ်းများ ၄၆၃၇ ပေ၊ ၆ ပေအကျယ် လျှောက်လမ်းများ ၁၇၄၀ ပေ၊ ရေပန်း ၂ ခု၊ ရေကန် ၂ ခု၊ ရေတံခွန် ၁ ခု၊ ဂုံးတံတား ၁ ခု၊ နားနေဆောင်ငယ် ၅ ခု၊ ပစ္စည်း ၁၀ မျိုးပါ ကလေးကစားကွင်းတစ်ကွင်း၊ ပန်းအလှပင် ၁၅၀၀၀ ပင်ခန့်၊ မြက်ခင်းပြင် ၆၉၃၀၉ စတုရန်းပေ၊ ၄ ခန်းတွဲ အများသုံးသန့်စင်ခန်း ၂ လုံး၊ အလိုအလျောက်ရေဖြန်းစနစ်နှင့် မီးအလှဆင်ခြင်း လုပ်ငန်း၊ (၂၀ x ၁၈)ပေရှိ ပိုးကရင်ရိုးရာအိမ်(၂)လုံးနှင့် (၁၈ x ၁၈)ပေရှိ စကောကရင်ရိုးရာ အိမ်(၂)လုံး တည်ဆောက်ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)