ပေါက်ခေါင်း ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေး မှူးရဲမှူး ကိုကိုနိုင်က အဖွင့်အမှာစကားနှင့် မြို့နယ်ရပ်ရွာများအတွင်း လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထားဆောင်ရွက်ကြပါရန်နှင့် လုံခြုံရေးကိစ္စများတွင် ဝိုင်းဝန်းပါဝင်ကူညီကြပါရန် ဦးစွာပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ပြည်ထောင်စုအဆင့် ညွှန်ကြားချက်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ညွှန်ကြားချက်များအား ချပြရှင်းလင်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Doose ကို ပြည့်မီစွာ ထိုးနှံနိုင်ရေး၊ မြို့နယ်အတွင်းရှိ ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်မြေအားလုံး သုံးသီးစားစနစ် ပြောင်းလည်းစိုက်ပျိုးနိုင် ရေး၊မိုးစပါးများ ဧကပြည့်မီစိုက်ပျိုးနိုင်ပြီး၊ နွေစပါးကိုတိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် စပါးစိုက်ပျိုးရာတွင် မျိုးစေ့ချ ကိရိယာအသုံးပြုစိုက်ပျိုးနိုင်ရေးတို့ကို ဦးစွာပြောကြားသည်။
ယင်းနောက် ဆီထွက်သီးနှံမြေပဲ၊ နှမ်းအပြင်နေကြာကို သီးသန့်တိုးချဲ့စိုက်ပျိုးနိုင်ရန်၊ မွေးမြူရေးအနေဖြင့် တိုင်းရင်းကြက်၊ ဒေသကြက်များ မွေးမြူနိုင်ရေး ဆောင်ရွက်ရန်နှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ တစ်လလျှင်(၁၀) ရွာကွင်းဆင်း ဆောင်ရွက်မှုအခြေအနေများနှင့် လုံခြုံရေးကိစ္စရပ်များ အထူးအလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားရှင်းလင်းပြောကြားသည်။
ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်