ကျွန်းစုမြို့တွင် GENDER, CEDAW, NSPAW အသိပညာပေးသင်တန်း ဖွင့်လှစ် သင်ကြား

ကျွန်းစု ဇွန် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျား၊မ တန်းတူအခွင့်အရေး (GENDER)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်(CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျို းသားအဆင့် မဟာဗျူဟာစီမံကိန်း(NSPAW) အသိပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲ()နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းရုံးရှိ မူလတန်းကြို‌ကျောင်း ဟောခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြိတ်ခရိုင်၊ လူမှု ဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက (Gender) အခြေခံသဘောတရားများ၊ ကျား၊မရေးရာ သတ်မှတ်ချက်များ၊ လူမှုပုံစံအသွင်ယူခြင်း၊ ကိုယ်ပိုင် ပုံစံမှတ်ယူခြင်း၊ ကျား၊မ လူမှုရေးရာကိစ္စများကို ပုံသေကားကျ မှတ်ယူခြင်း၊ လူမှုရေးရာ စံနှုန်း များအရ ခွဲခြားနှိမ်ချ ဆက်ဆံမှုအမျိုးမျိုး၊ ကျား၊မသာတူညီမျှ ဖြစ်ခြင်းနှင့် တန်းတူညီမျှရှိခြင်း၊ လူမှုတရားမျှတမှုတို့အား ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

“အမျိုးသမီးများ ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးသမီးများ၏ အခွင့်အရေးများ အပြည့်အဝရရှိ စေရန်၊ အမျိုးသမီးများအပေါ်  နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်စေရေးနှင့် ကျား၊ မတန်းတူအခွင့်အရေးများ ပါဝင်ဆောင်ရွက်ခွင့်များ ရရှိစေရန်အတွက် ရည်ရွယ်၍ သင်တန်းဖွင့် လှစ်ရခြင်းဖြစ်သည်” ဟု မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးစီးအရာရှိ ဒေါ်သီနွဲ့ထံမှ သိရ သည်။

ထို့နောက် ပုလောမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးစီးအရာရှိ ဒေါ်သီသီအေးက အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု‌ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်(CEDAW) ပါ အမျိုးသမီး အခွင့်အရေးများ၊ စစ်မှန်သော တန်းတူညီမျှမှု၊ ခွဲခြားပစ်ပယ်ခြင်း ကင်းမှု၊ အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဝတ္တရားများ၊ အမျိုးသမီးများအပေါ်  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွာရေးဆိုင်ရာ အကြမ်းဖက်မှုများအား လည်းကောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(NSPAW)ပါ အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့် ကျန်းမာရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် လူ့အခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ် ရေးဥပဒေ(မူကြမ်း)တို့အားလည်းကောင်း သင်ကြားပို့ချခဲ့ပြီး မြို့ပေါ်ရပ်ကွက် အသီးသီးမှ စိတ်ပါဝင်စားသူ (၄၈)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)