၂၀၁၇ ခုနှစ်၊ ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတေသနစာပေ ဒုတိယဆုရ မင်းသူရိန်(ထားဝယ်) ရေးသားထားသော စာအုပ်များကို ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လှူဒါန်း

ထားဝယ် ဇွန် ၃၀

ထားဝယ်ဒေသအတွင်းရှိ အများပြည်သူများ၊ စာပေချစ်မြတ်နိုးသူများနှင့် ထားဝယ်သူ/သားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၊ ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတေသနစာပေ ဒုတိယဆုရ မင်းသူရိန်(ထားဝယ်)ရေးသားထားသော “တို့များထားဝယ် သိမှတ်ဖွယ်စာအုပ်” နှင့် “ထားဝယ်ရိုးရာသပိတ်မျှောပွဲစာအုပ်” များကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

“တို့များထားဝယ် သိမှတ်ဖွယ်စာအုပ်” ထဲတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးမြတ်ကို၏ ဥယျောဇဉ်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာ၏ အမှာစကား၊ ထားဝယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို)မှ တာဝန်ရှိသူများ၏ အမှာစကား၊ စာရေးသူမင်းသူရိန်(ထားဝယ်)၏ မိတ်ဆက်စကားများအပြင် ထားဝယ်အကြောင်း သိကောင်းစရာများ၊ မင်းနဲ့လှနှင့်ထားဝယ်မြို့၊ ထားဝယ်ဒေသိယစကား၏ရှင်းတမ်း(အကျဉ်း)၊ ရှေးထားဝယ်များ၏ ဂုဏ်ယူဖွယ်ကောင်းသော ရိုးသားမှုနှင့်ဓလေ့အချို့၊ နန်းဦးစေတီများနှင့် ရှေးထားဝယ်တို့၏ အံ့ဖွယ်လုပ်ဆောင်ချက်များ၊ ထားဝယ်ဒိန်း၊ ထားဝယ်သားများ၏ နယ်ချဲ့တော်လှန်ရေးကြိုးပမ်းမှုများ စသည့် အကြောင်းအရာများ ပါဝင်ခဲ့သည်။

“တို့များထားဝယ် သိမှတ်ဖွယ်စာအုပ်” နှင့် “ထားဝယ်ရိုးရာသပိတ်မျှောပွဲစာအုပ်” များကို ထားဝယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို)က ထုတ်ဝေဖြန့်ချိခဲ့ပြီး ထားဝယ်ခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်များတွင် လေ့လာဖတ်ရှုနိုင်ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)