ပွင့်ဖြူမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံတတ်စေရန် သင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ     စက်တင်ဘာ      ၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် စနစ်တကျ ထိုးနှံတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Expanded Programme on Immunization Training for Immunization in Practice  သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားပေး မည့် သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကျန်းမားရေးမှူးအဆင့်(၁) ဦးမောင်မောင်ချမ်းသင်က သင်တန်းမှ သင်ကြားပေးမည့် သင်ခန်းစာများကို ဂရုတစ်စိုက် လေ့လာသင်ယူကြရန်နှင့် သိရှိလိုသည်များရှိပါက မေးမြန်းဆွေးနွေးပေးကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ဦးဆောင်၍ သင်တန်းနည်းပြ ဆရာများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီ တက်ရောက်လာသည့် ကျေးလက်ကျန်းမာရေးဌာနများမှ ကျန်းမာရေးဝန်ထမ်းများအား  ပြည်သူ့ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ စနစ်တကျ ထိုးနှံတတ်စေရေး ပြင်းထန်အဆုတ် ရောင်ရောဂါ၊ ပိုလီယိုရောဂါ၊ ဝက်သက်ဂျိုက်သိုး ရောဂါ၊ ဆုံဆို့/ကြက်ညှာ/ မေးခိုင်ရောဂါနှင့် ငါးမျိုးစပ်ရောဂါလက္ခဏာများနှင့် ပက်သက်ပြီး စနစ်တကျ ကာကွယ်ဆေး ထိုးနည်းစနစ်များကို   Power Point အသုံးပြု၍ စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချ သင်ကြား ပေးခဲ့ကြောင်း သိရကာ အဆိုပါ စနစ်တကျ ကာကွယ်ဆေးထိုးနှံနည်းသင်တန်းကို စက်တင်ဘာ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံမှ သိရသည်။  

 ရဲဝင်းနိုင် ( ပြန်/ဆက် )