မြိတ်တက္ကသိုလ်တွင် ခါဝသန်အဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ် ဇွန် ၃၀

မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား စိတ်ဓာတ်နူးညံ့သိမ့်မွေ့ပြီး အနုပညာကို စည်းစနစ်တကျ ခံစားတတ်စေရန်အတွက် ခါဝသန်အဆိုပြိုင်ပွဲကို ယမန်နေ့က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ရာ ကျောင်းသား/သူ(၄၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

“တက္ကသိုလ်မှာ ကျောင်းသား/သူတွေကို ဘာသာရပ်အလိုက် ပညာရပ်များသင်ကြားပေးသလို ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် အားကစားပြိုင်ပွဲတွေ ပြုလုပ်ပေးပါတယ်။ စိတ်ဓာတ်နူးညံ့သိမ့်မွေ့ဖို့အတွက် အနုပညာပွဲတွေပြုလုပ်ပေးတာပါ။ အဆိုပြိုင်ပွဲက အနုပညာကို စည်းစနစ်တကျ ခံစားတတ်စေဖို့ ကျင်းပတာဖြစ်ပါတယ်” ဟု မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ပြောသည်။

အဆိုပြိုင်ပွဲကို တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး တက္ကသိုလ်အနုပညာအသင်းဥက္ကဋ္ဌ (မြန်မာစာ)ပါမောက္ခ ဒေါက်တာအေးအေးမြင့်က ပြိုင်ပွဲ၏အမှတ်ပေးစည်းမျဉ်းကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲစတင်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်ကျောင်းသား/သူများ ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲကို အမျိုးသား(ခေတ်အကြိုက်/ခေတ်အလိုက်)ပြိုင်ပွဲနှင့် အမျိုးသမီး(ခေတ်အကြိုက်/ခေတ်အလိုက်)ပြိုင်ပွဲ စသည့် ပြိုင်ပွဲအမျိုးအစား(၄)မျိုးကို ပြိုင်ပွဲဝင်သီချင်းအပုဒ်(၂၀)ဖြင့်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူများ ယှဉ်ပြိုင်နေမှုအား ပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)