မယ်စဲ့ ဇွန် ၃၀
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၌ မိုးဦးကာလတွင် ရာသီစာအစားအစာတစ်ခုဖြစ်သည့် အင်ဥများ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိကြောင်း အင်ဥရှာဖွေရောင်းချသူများထံမှ သိရသည်။
ဒေသထွက်အင်ဥကို တစ်နှစ်ပတ်လုံးတွင် မိုးဦးကာလ၌ တစ်ကြိမ်တည်းသာတွေ့ရပြီး အများအားဖြင့် ဇွန်၊ ဇူလိုင်လများတွင် အင်ဥများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ရာ ဒေသခံများ ရှာဖွေရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။ အင်ဥကို မိုးတစ်ပြိုက်နှစ်ပြိုက်ရွာပြီးချိန် တောတောင်ထဲရှိ အင်ပင်များနှင့် အနီးအနားနေရာများတွင် မြေကြီးအောက်၌ တွေ့ရှိရလေ့ရှိသည်။ အင်ဥရှာဖွေသူများမှ ကွဲအက်နေသောမြေကြီးထဲရှိ အင်ဥများကို ဝါးချွန် သို့မဟုတ် ဇွန်းဖြင့် ကလော်ယူကြရသည်။
မြေကြီးထဲမှ တူးယူရရှိသည့်အင်ဥများကို မရောင်းမီ ရေနှင့်အချိန်အနည်းငယ်ကြာအောင် စိမ်ထားပြီး မြေကြီး၊ သဲများကို ဆေးကြောသန့်စင်ပြီးမှ ရောင်းချရကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံမှ နို့ဆီဗူး ၃ ဗူးခွဲကို ထိုင်းငွေ ဘတ် ၁၀၀၊ မြန်မာငွေကျပ် ၆၀၀၀ ကျော်ခန့် လာရောက်ဝယ်ယူသည့်အတွက် ဈေးကောင်းရရှိကြောင်း အင်ဥရှာဖွေသူများအနေဖြင့် နံနက်စောစောမှ မွန်းတည့်ချိန်အထိ ရှာဖွေပါက မြန်မာငွေကျပ် ၃၀၀၀၀ ခန့်အထိ ရရှိသဖြင့် တွက်ခြေကိုက်ကြောင်း အင်ဥရှာဖွေသူတစ်ဦးက ပြောကြားသည်။
ရာသီပေါ်အစားအစာဖြစ်သည့် အင်ဥကို ဒေသခံများက ကန်စွန်းရွက်နှင့်ရော၍ အင်ဥကြော်အဖြစ် လည်းကောင်း၊ အင်ဥပြုတ်၊ အင်ဥသုတ် စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြပြီး နေ့မကူးခင် ချက်ပြုတ်စားပါက အရသာရှိပြီး ကောင်းမွန်လှသဖြင့် ဒေသခံများသာမက အိမ်နီးချင်း ထိုင်းနိုင်ငံကပါ ကြိုက်နှစ်သက်သဖြင့် ဒေသထွက်အင်ဥများပေါ်ချိန် ဈေးကောင်းရရှိခြင်း ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)