မော်လမြိုင်ကျွန်း စက်တင်ဘာ ၈
မော်လမြိုင်ကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက် ၁ဝ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း များ တွေ့ဆုံပွဲကျင်းပသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ဆွေက မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာစေ့စပ်နှိုင်းရေးကော်မတီ ဖွဲ့စည်းထားရှိမှုနှင့် ကော်မတီဝင်များ အမည်စာရင်း အသိပေးပြောကြားခြင်း၊ ရက်ပေါင်း(၆ဝ)စည်းရုံး မဲဆွယ်နိုင်မှုအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဝန်ကြီးဌာန လမ်းညွှန်မှုများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး၊ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်း ပြောကြားခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးစိုးမိုးနိုင်က မဲရုံ ကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာစန်းဝင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင် အရာရှိ ဦးမင်းဇော် တို့ဌာန၏ လမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးကြသည်။
ထိုနောက် တက်ရောက်လာသော ပါတီကိုယ်စားလှယ်များမှ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
သီတာအောင်(ပြန်ဆက်)