လောင်းလုံး ဇွန် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့်အဖွဲ့ဝင်များ၊ လောင်းလုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထိုက်နှင့်အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အ-လ-က၊ စမ်းလှမ်းကျောင်း၌ ပညာသင်ယူနေသော ကျောင်းသား/သူများအား ကြည့်ရှုအားပေးစကားများပြောကြား၍ ဆရာ/ ဆရာများအား ကျောင်းသား/ ကျောင်းသူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေး၊ ပညာရေးများကို ပို၍ဂရုစိုက်ပေးရန် လမ်းညွှန်မှာကြားပြီး၊ စမ်းလှမ်းကျေးရွာသည် ကျောင်းသား/ သူဦးရေများပြား၍ စာသင်ကျောင်းအဆောက်အအုံများ လိုအပ်လျက်ရှိသည်ကို စိစစ်တွေ့ရှိရပါသည်။
ထို့နောက် ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းဆောင်သစ်များ တည်ဆောက်ပေးနိုင်ရေးအတွက် မြေနေရာကြည့်ရှုစစ်ဆေးပေးခဲ့သည်။
ဆက်လက်၍ ၎င်းအဖွဲ့သည် စမ်းလှမ်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ကွက်အတွင်းစီမံခန့်ခွဲနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများအားလုံး စာတတ်မြောက်စေရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်မှနိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အပြည့်အဝထိုးနှံရေးကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးပြီး ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများတို့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)