ငါးသိုင်းချောင်း ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက မေတ္တာအနန္ဒဖောင်ဒေးရှင်းမှ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေး အထောက် အကူပြုနိုင်ရန်နှင့် အဆိုပါကျောင်းရှိ (Computer learning Center) တွင် အသုံးပြုနိုင်ရန် အတွက် Lenovo ThinkPad (Laptop) အမျိုးအစားကွန်ပျူတာ (၁၀)လုံး ပေးအပ်လှူဒါန်းပွဲနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဦးက အခမ်းအနား အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆက်လက်၍ မေတ္တာအနန္ဒဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညဏ်ဝင်းက ကွန်ပျူတာများ လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ မေတ္တာအနန္ဒ ဖောင်ဒေးရှင်းမှ အ-ထ-က၊ ငါးသိုင်းချောင်း ကျောင်းသို့ ကွန်ပျူတာ(၁၀)လုံး ပေးအပ်လှူဒါန်းခြင်း၊ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်း အကျိုးတော်ဆောင်အဖွဲ့မှ မေတ္တာအနန္ဒ ဖောင်ဒေးရှင်းသို့ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူငွေ(၆)သိန်း ပေးအပ်လှူဒါန်းခြင်း၊ မြို့နယ်ပညာရေးမှူး (ငြိမ်း) ဆရာကြီး ဦးစိုးတင့်က ကျေးဇူးတင်စကား ပြောကြားခြင်းတို့ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထို့နောက် စာရေးဆရာ အောင်ချစ်စိုး(လသာ)က “လူတစ်ယောက်၊ နိုင်ငံတစ်ခု၊ သမိုင်းတစ်ခု သို့မဟုတ် သူရဲကောင်းတို့ နိုင်ငံ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များသို့ ထူးချွန် ထက်မြက်သော ကျောင်းသား၊ ကျောင်းသူလူငယ် များ ဖြစ်ပေါ်လာစေရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ပျူတာ လှူဒါန်းပွဲနှင့် လူငယ်အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ မေတ္တာအနန္ဒဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အ-ထ-က၊ ငါးသိုင်းချောင်းရှိ ကျောင်းအကျိုး တော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)