ထားဝယ်မြို့၊ သပြေချောင်းဈေးတွင် ဈေးရောင်းချနေသူများ အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေး ကြည့်ရှုစစ်ဆေး

ထားဝယ်   ဇွန်   ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သပြေချောင်းဈေးတွင် ဈေးရောင်းချနေသူများ အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်၍ ထားဝယ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ၊ တရားမဝင် ကုန်စည်တားဆီးတိုက်ဖျက်ရေးအဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့များက ဈေးသည်များထံမှ မုန့်ဖတ်၊ ပဲပြား၊ ပဲပင်ပေါက်၊ လက်ဖက်နှင့်မုန်ညင်းချဉ်တို့အား ခွင့်မပြုဓာတု ပစ္စည်းများပါဝင်ခြင်း  ရှိ/မရှိကို ရွေ့လျားဓာတ်ခွဲယာဉ်ရှိ RDT များဖြင့်စမ်းသပ်စစ်ဆေးခဲ့ပြီး ဈေးဆိုင် (၂)ဆိုင်တွင် သက်တမ်းလွန် ခေါက်ဆွဲခြောက်ထုတ်များတွေ့ရှိ၍ သိမ်းဆည်းကာ သက်တမ်းလွန်စားအသောက်များ ရောင်းချခြင်း မပြုရန် အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ပူးပေါင်းအဖွဲ့များသည် ဒေါ်ချိုဆေးဆိုင်မှ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါသော ITRODEX (Eye-EAR DROP) ဆေးဘူး(၃)ဘူးနှင့် မိဘမေတ္တာဆေးဆိုင်မှ သက်တမ်းလွန်ဆေး(၂)မျိုး (NICOVEX 15tab,Cardimax 4 cards) တွေ့ရှိသိမ်းဆည်းခဲ့ပြီး ဆေးဝါးရောင်းချသူများနှင့် ဆေဝါးဝယ်ယူသူများအား ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်ညီ/မညီ၊ ကောင်းမွန်သောဆေးဝါးသိုလှောင်မှုရှိ/မရှိ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်၊ လိုင်စင်မဲ့၊ online မှတရားမဝင်ကြော်ငြာသော အန္တရာယ်ရှိ ဆေးဝါးများအား မရောင်းချရန် အသိပညာပေးခဲ့ပြီး ဆိုင်များမှသိမ်းဆည်းရမိ သောသက်တမ်းလွန်၊ လိုင်စင်မဲ့၊ ဆေးဝါးများအား အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များရှေ့မှောက်တွင် စုပေါင်းဖျက်ဆီးရန် စီစဉ်ထားရှိကြောင်းသိရသည်။

ယင်းနောက်ဈေးဆိုင်များနှင့်ဆေးဆိုင်များတွင် လာရောက်ဝယ်ယူသူများအား အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စျေးသည်များနှင့် ဈေးဝယ်သူများအား ကျန်းမာရေးထိခိုက်စေသည့် ဆိုးဆေးနှင့် တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသော အစားအစာရရှိရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်(၅)ချက်ပါဝင်သည့် လက်ကမ်းစာစောင်များ၊ ဆေးဝါးဝယ်ယူရာတွင် လိုက်နာရမည့် အချက်များပါဝင်သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိသည်။

ရွှေပင်လယ်(ထားဝယ်)