ပြည်မြို့နယ် သစ်ချီတင်ကျေးရွာအုပ်စု ရှမ်းကုန်းကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP)အစီအစဉ်ဖြင့် လျှပ်စစ်မီးထွန်းလင်းပြီဖြစ်

ပြည် စက်တင်ဘာ ၈

နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း(NEP) (ကျေးလက်မီးလင်းရေးစီမံကိန်း) အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် သစ်ချီတင်ကျေးရွာအုပ်စု ရှမ်းကုန်းကျေးရွာတွင် ယမန်နေ့က စတင်၍ လျှပ်စစ်မီး စတင်ထွန်းလင်း ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာမီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပြီး  ပြည်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာ မီးလင်းရေးကော်မတီဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ "အသက် ၅၀ ကျော် ကာမှ ရွာမှာလျှပ်စစ် မီးလင်းတာ ဒီတစ်ခါပဲကြုံဖူးတော့တယ်၊ ကျေးရွာပြည်သူတွေ ဝမ်းသာ လွန်းကြလို့ ထတောင်ခုန်ကြ တယ်၊ အရမ်းပီတိဖြစ်မိတယ်၊ ပျော်ပါတယ်ဟု" အဆိုပါကျေးရွာ မှ ဦးဝင်းလှိုင်က ဝမ်းသာစကားဆိုသည်။

ယင်းကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (NEP) အစီအစဉ်ဖြင့်  (၁၀၀)KVA ထရန်ဖော်မာ (၁) လုံးတပ်ဆင်ခဲ့ပြီး (၁၁)KV လိုင်းသွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးရွာနေပြည်သူ များအနေဖြင့် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် မီတာတန်ဖိုးနှင့် (၄၀၀)KV လိုင်းကြိုးသွယ်တန်းမှု အတွက်သာ ကျခံရကြောင်း သိရှိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)