ပြည်ကြီးတံခွန် ဇွန် ၂၉
မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းရေးနှင့် သက်ငယ်မုဒိန်းမှုမဖြစ်ပွားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၁၀နာရီခွဲအချိန်က အမှတ်( ၂၇ ) အခြေခံပညာအထက်တန်း ကျောင်းရှိ အောင်တံခွန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသန်းနိုင်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှုးအောင်ကျော်ဦးက မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းရေးအတွက် နေအိမ်များနှင့်စတိုးဆိုင်များ၌ခိုးမှုကာကွယ်နည်းများ၊ ဒုစရိုက်လုပ်ငန်းများနှင့် လောင်းကစားခြင်း၏ ဆိုးကျိုးများ၊ရပ်ရွာများ၌ ဒုစရိုက်လုပ်ငန်းများရှိနေပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ သတင်းပေးဖို့လိုကြောင်းဟောပြောသည်။ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ရဲအုပ်ကိုကိုမျိုးက သက်ငယ်မုဒိန်းဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ သက်ငယ်မုဒိန်းမဖြစ်ပွားစေရေး ဆောင်ရန်နှင့်ရှောင်ရန်အချက်များ အကြောင်းဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှုးနှင့် မန္တလေးတိုင်းဒေသကြီးလူကုန်ကူးမှုတားဆီးရေးအဖွဲ့တို့က မှုခင်းကျဆင်းရေးအသိ ပညာပေးလက်ကမ်းစာစောင်နှင့် လူကုန်ကူးမှုလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)