ပြည်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကျင်းပ

ပြည် ဇွန် ၂၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၌ ယနေ့နံနက်၈နာရီက ပြည်တက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပ‌သော ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာဘာသာရပ်အလိုက် ပိုက်ကျော်ခြင်း အားကစားသမားများ ကွင်းအတွင်း နေရာယူကြပြီး အားကစားမှူးနှင့်အတူ အားကစား သစ္စာဓိဌာန်(၄) ချက်အား ရွတ်ဆိုကြသည်။

ထို့နောက် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်တက္ကသိုလ် ပါမေက္ခချုပ် ဒေါက်တာသက်လွင်က ကျောင်းသား/ ကျောင်းသူများအား ကျန်းမာပျော်ရွင်ပြီး ဉာဏ်စွမ်းရည်သာမက ကာယစွမ်းရည်များပါ တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ယခုလိုအားကစားပြိုင်ပွဲများကို ဘာသာရပ်အလိုက် ယှဉ်ပြိုင်နိုင်ရန် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးလွင်က ပိုက်ကျော်ခြင်း၏အဓိပ္ပါယ်နှင့် ပိုက်ကျော်ခြင်း အားကစားနည်းကို မြန်မာနိုင်ငံ သာမက၊ ထိုင်း၊ မလေးရှားနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် ကစားကြသော အားကစား နည်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲစတင်ကျင်းပရာ စိတ်ပညာဌာနအသင်းနှင့် သတ္တဗေဒဌာနအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံမှ ၃ ယောက်တွဲ အသင်း(၁၂)သင်းအား အုပ်စု(၄)စုခွဲ၍ သုံးရက်ကြာ ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ဗိုလ်လုပွဲနေ့တွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကိုစိုး(ပြည်)