ကော့ကရိတ် ဇွန် ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြန်မာနိုင်ငံလူမှုရေးကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို)နှင့် ပုလဲဖြူလူမှုရေးကယ်ဆယ်ရေးအဖွဲ့(ကော့ကရိတ်မြို့)တို့မှ ပူးပေါင်းဖွင့်လှစ်သည့် နိုင်ငံတကာအရေးပေါ် အသက်ကယ်သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက်၉နာရီချိန်က ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကော့ကရိတ်မြို့ဝါဆို ဦးကျောင်းတိုက်ဆရာတော် ဦးဝေပုလ္လက သြဝါဒမိန့်ကြားသည်။
ထို့နောက် ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းဝေက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးလှထွန်းကမိမိတို့အဖွဲ့ အစည်းသည်ပါတီနိုင်ငံရေးကင်းရှင်းသည့် အဖွဲ့ဖြစ်ပြီး မြို့ပြကျေးရွာတို့တွင်ဖွဲ့စည်းထား၍ တိုင်းရင်းသားအားလုံးအတွက်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးသည့် အဖွဲ့အစည်းဖြစ်ကြောင်းစသည်ဖြင့်လမ်းညွှန်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှရွှေက ရပ်ရွာပြည်သူလူထုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အားပြောကြားသည်။
သင်တန်းတွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှထွန်းအပါအဝင် နည်းပြ(၁၁)ဦး တို့မှ လူနာအား သယ်ဆောင်ရာတွင် အသက်သာဆုံးစနစ်တကျသယ်ဆောင်နည်း၊ တစ်ဦးချင်းသော်လည်းကောင်းတစ်ဦးနှင့် အထက်လူနာသယ်ဆောင်နည်း၊ ကယ်ဆယ်ရေးပစ္စည်းများအား ရင်းရင်းနှီးနှီးအသုံးချတက်စေနည်း၊ တောင်ပေါ်တောင်အောက်လူနာများ ကယ်ဆယ်နည်း၊ ကားတွင်းညှပ်လူနာဆွဲထုတ်နည်း၊ ဆေးရုံမရောက်မီ စပ်ကြားလူနာသွေးထွက်မလွန်အောင် ထိန်းသိမ်းနည်း၊ လူနာများပို့ဆောင်ရာတွင် နည်းစနစ်တကျချိတ်ဆက်နည်း၊ သေဆုံးသူ လူနာအားစနစ်တကျထုတ်ပိုးနည်း စသည့်ကယ်ဆယ်ရေးနည်းများကိုသင်တန်း ၅ ရက်တာလက်တွေ့ ပို့ချသွားမည်ဖြစ်ပြီး ကော့ကရိတ်မြို့ပေါ်နှင့်ကျေးရွာ(၁၄)ရွာတို့မှ သင်တန်းသား(၉၀)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)