ဝေါမြို့နယ်၌ လက်ကိုင်ရှည်လက်တွန်းထွန်စက် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

ဝေါ ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဏဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများထယ်ရေး ထွန်ယက်ခြင်းလုပ်ငန်းအား အချိန်ကုန်လူပင်ပန်း သက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင် ရန်ရည်ရွယ်၍ လက်ကိုင်ရှည်လက်တွန်းထွန်စက်ဖြင့် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့၊ နံနက်ပိုင်းက ကျိုက်လှကျေးရွာအုပ်စု၊ ကျိုက်လှကျေးရွာ၊ ကွင်းအမှတ် (၆၈၇) တောင်သူ ဒေါ်ရီစိန်၏လယ်၌ ကျင်းပသည်။

ရှေ့ဦးစွာ ဝေါမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ညီညီက လက်ကိုင်ရှည်  လက်တွန်းထွန်စက်အကြောင်းနှင့် ကောက်စိုက်စက်အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက လက်ကိုင်ရှည် လက်တွန်းထွန်စက် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းတို့ကို လက်တွေ့သရုပ်ပြရာ ပဲခူးခရိုင်၊ စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇာ်ဦး၊ ​​မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော် မြို့နယ်အဆင်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြည့်ရှုကြသည်။  

ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက လက်ကိုင်ရှည်လက်တွန်းထွန်းစက် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းကို လက်တွေ့ဝင်ရောက် မောင်းနှင်ကြည့်ကြကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)