ဖျာပုံ ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက္ကားအရောင်းဆိုင်များအနေဖြင့် စျေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ဖျာပုံမြို့နယ်အတွင်းရှိ စျေးများသို့ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီလက်လီ၊ လက္ကား အရောင်းဆိုင်များအနေဖြင့် စျေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းရှိ၊ မရှိ စစ်ဆေး ရာတွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးကြသည်။ ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများက စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့ရာတွင် ဝယ်ယူရရှိသည့် မြို့နယ်အတွင်းရှိ လက္ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်စျေး ရည်ညွှန်းလက္ကား စျေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း (၂) ရာခိုင်းနှုန်း အမြတ်ထက်မပိုသော စျေးနှုန်းဖြင့် စျေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချ သွားမည်ဖြစ်ကြောင်း၊ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် အဆမတန် စျေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး မှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)