ကျောင်းကုန်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်

ကျောင်းကုန်း ဇွန် ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျောင်းကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က အဆိုပါ ကျေးလက်ဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိစွာအသုံးချစေလိုကြောင်း အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထူးက မြစိမ်းရောင်စီမံကိန်းသည် အရင်းမပျောက် မတည်ငွေဖြစ်တဲ့အတွက် ပျောက်ပျက်မသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါမြတ်မွန်က ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အထိ ယူနစ်(၇၀)မှာ ကျေးရွာ(၇၂)ရွာသို့ မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ လည်ပတ်ဆောင်ရွက် လျက်ရှိပြီး ယခု ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ယူနစ် (၇၁)ယူနစ်မှာ ကျေးရွာ(၇၄)ရွာသို့ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ သောင်ကြီး အုပ်စု၊ ကံကုန်းကျေးရွာ၏  မြစိမ်းရောင်ကော်မတီဝင် ဦးအောင်အောင်သို့ လည်းကောင်း၊ ကျေးလက်ဦးစီးမှူးမှ တက်ဆိပ် အုပ်စု၊ ကြူကွင်းကျေးရွာ မြစိမ်းရောင်ကော်မတီဝင် ဦးကျော်မိုးသို့လည်းကောင်း အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)