ပွင့်ဖြူ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာလူထုကိုယ်တိုင် ပါဝင် ဦးဆောင်လုပ်ကိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန် နေ့က ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာ၊ နှောကျင်းကျေးရွာနှင့် ကျောင်းစုကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ရာ၌ ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်း၏ မူဘောင်များနှင့် လုပ်ဆောင်ရမည့်အချက်များ၊ စီမံကိန်းကော်မတီဝင်များ ရွေးချယ်ရာ၌ လိုက်နာရမည့်အချက်များနှင့် ကော်မတီဝင်များ၏ တာဝန်များ၊ ဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အများသဘောဆန္ဒဖြင့် စီမံကိန်းကော်မတီဝင် (၇)ဦးစီ ရွေးချယ်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံ ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်ကောင်းမွန်စေရန်အတွက် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရကာ ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာပေါင်း (၁၂)ရွာတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားရှိပြီး ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း ငွေကျပ် သိန်း(၁၀၀)စီ ထောက်ပံ့၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)