ရှင်ဗွေယန် စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိ ကိုယ်ဝန်ဆောင် မိခင်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်အရ ကိုယ်ဝန်ဆောင် တစ်ဦးလျှင် တစ်ကြိမ်တည်းငွေ (ကျပ်သုံးသောင်းတိတိ)ကို ထောက်ပံ့နိုင်ရန်အတွက် ငွေဗိုက်(Application)ကို Download ဆွဲ၍ Oline system ဖြင့် စာရင်းသွင်း ဝန်ဆောင်မှုကို ယနေ့နံနက် ၉ နာရီတွင် ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့ပြင် ငွေဗိုက်(Application)ဖြင့် စာရင်းသွင်း သင်ကြားပြသခြင်း၊ ငွေကြေးထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ ကရုဏာလူမှုစည်းလုံးညီညွှတ်ရေးအသင်းမှ ဦးဆိုင်းအောင်က ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ခံအားကောင်းစေသော အစားအစာများ ဝယ်စားစေရန်၊ တစ်ကိုယ် ရည်သန့်ရှင်းရေး ပစ္စည်းများ ဝယ်ယူရန်၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူဖို့ လိုအပ်တဲ့အခါမှာလည်း အသုံးပြုရန်အတွက် ထောက်ပံရခြင်းဖြစ်ကြောင်း၊ စာရင်းရေးသွင်းနိုင်ရန်အတွက် ကျန်းမာရေးဌာနမှ ထုတ်ပေး ထားသည့် ကိုယ်ဝန်ဆောင်မှတ်တမ်း(သို့) ဆေးမှတ်တမ်း၊ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ လက်ကိုင်ဖုန်းနံပါတ် များကို ယူဆောင်လာကြရန်နှင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပြီး (UNICEF)(မြန်မာမှ) နည်းပညာပံ့ပိုး ကူညီထားခြင်း ဖြစ်ကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ငွေဗိုက်(Application)ဖြင့် စာရင်းရေးသွင်းခြင်းကို မြစ်ကြီးနားမြို့ ကရုဏာလူမှုစည်းလုံး ညီညွှတ်ရေး အသင်းမှ ဦးဆိုင်းအောင်၊ ဦးခွန်းလတ်၊ ဦးလဒီတို့လာရောက် သင်ကြားပြသပေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရှင်ဗွေယန်မြို့ဒေသအတွင်း မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျေးလက်ကျန်းမာရေး ဌာန/ခွဲတို့တွင် (၃)ရက်ကြာ လာရောက် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
လင်းသွယ်ဦး(ပြန်/ဆက်)