ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကံမ ဇွန် ၂၉

မကွေးတိုင်းဒေသကြီး ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ယမန့်နေ့ နေ့လယ် ၂ နာရီက  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်စေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရာ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၄၂၀)ဦး တက်ရောက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပညာရေးဌာနမှ စာရိတ္တကောင်းမွန်ရေးနှင့် စည်းကမ်း လိုက်နာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့် ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း  အသီးသီး ဆွေးနွေး ဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိဒေါ်စိုးမိုးခိုင်က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း (ကံမ)မှ ဒေါ်ယုဇာလှိုင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း (ကံမ)