ဇီးကုန်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

ဇီးကုန်း စက်တင်ဘာ ၈

နိုင်ငံတော်မှ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအနေနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေး အပ်ခြင်းကို ယနေ့ နံနက်က ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်နှင့် အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်(၅)ခုရှိ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်စီကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု(၂၉)အုပ်စုမှ ကိုယ်အင်္ဂါ မသန်စွမ်းသူ(၁၄၈)ဦး၊ ဉာဏ်ရည်မသန်စွမ်းသူ(၈၈)ဦး၊ မျက်မမြင်သူ(၁၈)ဦး၊ နားအကြားအာရုံ မသန်စွမ်းသူ(၄၃)ဦးစုစုပေါင်း (၂၉၇)ဦးကို(၃၀၀၀၀) ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ယခုအခါ ကျန်ရှိနေသူ(၁၀၅)ဦးကို ဆက်လက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် မသန်စွမ်းသူများအား အများနည်းတူ တန်းတူအခွင့်အရေး ရစေရန်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ အမြင်၊ အကြား၊ ကိုယ်အင်္ဂါ နှင့် ဉာဏ်ရည် မသန်စွမ်းသူများကို အခြေခံစစ်တမ်းများ ကောက်ယူပြီး ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

တင့်ဆွေ (ပြန်/ဆက်)