ဖားဆောင်း စက်တင်ဘာ ၈
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းသည် အမျိုးသားရေးတာဝန်တစ်ရပ်အနေ ဖြင့် ကြိုးစားပြီး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ မြို့နယ်အတွင်း ပူးပေါင်း ကျန်းမာရေးစစ်ဆေးသည့် ဂိတ်များဖြစ်သည့် ဖားဆောင်းပူးပေါင်းကျန်းမာရေးစစ်ဆေးသည့် ဂိတ်နှင့် မော်ချီးဒေသ အမှတ်(၂)ဂိတ်ရှိ ကျန်းမာရေးစစ်ဆေးသည့် ဂိတ်တို့ကို ယနေ့မှ စတင်၍ ပြန်လည် ဖွင့်လှစ်ထားရှိပြီဖြစ်၍ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ပြည်သူများနေအိမ်ပြင်ပ ထွက်ခွာပါက မဖြစ်မနေ(Mask)တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ကြပ်မတ် စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်တွင်းရှိ တာဝန်ကျဝန်ထမ်းများ အားလုံး လုပ်ငန်းတာဝန်နှင့် နာရေးမှအပ ခရီးသွားလာခြင်းများ မပြုရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ အမိန့်နှင့်ညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်၊ ကျေးရွာအဆင့် ကော်မတီဝင်များက မိမိတို့ကဏ္ဍ အလိုက် ဆောင်ရွက်မည့် လုပ်ငန်းများ၊ အခက်အခဲများအားဆွေးနွေး တင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှုပေးခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ကော်မတီဝင်များ၊ ကျေးရွာအဆင့် ကော်မတီဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)