ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ ငါးသိုင်းချောင်းမြို့ ရေနံ့သာ စုပေါင်း စစ်ဆေးရေးဂိတ်သို့ စစ်ဆေး

ငါးသိုင်းချောင်း   စက်တင်ဘာ   ၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်သည် တိုင်းဒေသကြီး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ဂွ - ငါးသိုင်းချောင်းလမ်းနှင့် ပုသိမ် - မုံရွာ လမ်းဆုံရှိ ရေနံ့သာ စုပေါင်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိခဲ့ပြီး စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေး စစ်ဆေးရေးဂိတ်တို့ရှိ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဂွ - ငါးသိုင်းချောင်း လမ်းပေါ်ရှိ ကျောက်ခဲချောင်းကျေးရွာ၊ အမှတ် (၁၀၆)သစ်စက်ဝန်းနှင့် မာလာကွင်းသစ်ထုတ်လုပ်ရေး ကွင်းနေရာများတွင် ကုန်စည် ဖလှယ်ရေးဂိတ်တစ်ခု ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု အဆင် ပြေချောမွေ့စေရေး အတွက် ကုန်စည်ဖလှယ်ရေးဂိတ်ကို အမြန်ဆုံးဖွင့်လှစ်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

လတ်တလောတွင် ရေနံ့သာ စုပေါင်း စစ်ဆေးရေးဂိတ်နှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ဝင်/ထွက် သွားလာလျက်ရှိသည့် ကုန်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်များကို လိုအပ်သော အထောက်အထားများ စစ်ဆေးခြင်း၊ ယာဉ်မောင်းများကို ကျန်းမာရေး စစ်ဆေးခြင်းနှင့် ယာဉ်များအား ပိုးသတ်ဆေးဖျန်း ခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ပူးပေါင်း အဖွဲ့များက နေ့/ည မပြတ် စစ်ဆေးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)