မြောင်းမြမြို့တွင် အနာဂတ်ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် နွားနို့နှင့်ကြက်ဥ တိုက်ကျွေး

မြောင်းမြ ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အနာဂတ် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ နွားနို့နှင့် ကြက်ဥတိုက်ကျွေးသည့် အခမ်းအနားတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက နွားနို့နှင့် ကြက်ဥ တိုက်ကျွေးရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် အနာဂတ် မျိုးဆက်သစ်များ ကိုယ်ခန္ဓာကြီးထွားစေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်စေရန် နွားနို့နှင့် ကြက်ဥ တိုက်ကျွေးရခြင်းဖြစ်ကြောင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကလေးများကို နွားနို့နှင့်  ကြက်ဥ တိုက်ကျွေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း  ပြောကြားပါသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ပြီး စုပေါင်း၍ အ.ထ.က(၃) ကျောင်းရှိ မူလတန်း ကျောင်းသား/ ကျောင်းသူ (၂၃၀)ဦးအား “အနာဂတ်ကလေးငယ်များ ဉာဏ်ရည် ဖွံ့ဖြိုးစေဖို့ နွားနို့တိုက်ကျွေးကြပါစို့ ခေါင်းစဉ်ဖြင့် နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)