၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်ကောင်းသောမြို့နယ်နှင့်ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်

ဘားအံ ဇွန် ၂၈

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကရင်ပြည်နယ်အတွင်းမှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်ကောင်းသောမြို့နယ်နှင့်ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုကဲ့သို့ ထူးချွန်ကျောင်းသား/သူများ ပေါ်ထွန်းလာရခြင်းမှာ ဆရာ၊မိဘ၊ ကျောင်းသား/သူများ၏ ပူးပေါင်းဆောင်ရွက်မှုအားကြောင့် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာ၊ မိဘများ၏ သွန်သင်ဆုံးမမှုများကိုလိုက်နာပြီး မိမိကိုယ်ကိုတန်ဖိုး ထားထိန်းကျောင်းနိုင်သူ များဖြစ်ကြစေလိုကာအနာဂတ်ကိုပိုင်စိုးမည့်သူများဖြစ်သည့်အတွက် တတ်သင့်သိသင့်သည်များကို ကြိုးစားလေ့လာသင်ယူကြဖို့တိုက်တွန်းလိုကြောင်း၊ စုစုပေါင်းဆုငွေ ၃၉၁ သိန်းကျော်ကို ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ဂုဏ်ထူးရရှိသူများထဲမှ နှစ်ဦးမှာ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး(၁၀)ဦး စာရင်းတွင်ပါဝင်သည့်အတွက်  ကရင်ပြည်နယ်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းနှင့် ကရင်ပြည်နယ်နေ့အခမ်းအနားတွင်လည်း ဂုဏ်ပြုဆုများ ထပ်မံချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ  ပြည်နယ်ပညာရေးမှူးရုံးမှညွှန်ကြားရေးမှူးက ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြည်နယ်အတွင်း အောင်ချက်ကောင်း သောမြို့နယ်ဆု၊ အောင်ချက်ကောင်းသောကျောင်းဆု(အခြေခံနှင့်ကိုယ်ပိုင်အထက်တန်းကျောင်း)၊ (၆)ဘာသာဂုဏ်ထူးရှင်ဆု၊ (၅)ဘာသာဂုဏ်ထူးရှင်ဆု၊ (၄)ဘာသာဂုဏ်ထူးရှင်ဆု၊ (၃)ဘာသာ ဂုဏ်ထူး ရှင်ဆုနှင့် ပြည်နယ်အတွင်း သိပ္ပံဘာသာတွဲ/ ဝိပ္ပံဘာသာတွဲ/ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံးထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြရာ စုစုပေါင်းထူးချွန်ဆု(၁၁၄)ဆု ကို ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ဆုရကျောင်းသား/ကျောင်းသူများကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား /သူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

အခမ်းအနားအပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ထူးချွန်ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)