ဝါးခယ်မမြို့နယ် အ.ထ.က စပါရိုး ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်

ဝါးခယ်မ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စပါးရိုကျေးရွာ အ.ထ.က ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားများအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ မိုးရာသီကာလအတွင်းကျန်းမာရေး အထူးဂရုစိုက်ကြရန်၊ ဖျားနှာခြင်းဖြစ်ပါက နီးစပ်ရာဆေးရုံဆေးခန်းများ၊ ကျန်းမာရေးဌာနများသို့ အချိန်မှီကုသမှုခံယူရန်၊ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအစာများမစားသုံးရန်၊ သွေးလွန်တာပ်ကွေးရောဂါ ဖြစ်ပွားစေနိုင်သည့် အရာများမှ ရှောင်ကျဉ်ရန် အသိပညာပေးပြောကြားခဲ့ပြီး မိုးစပါး၊ နွေစပါး စိုက်ဧကလျော့နဲမှုမရှိစေရေး၊ ကျေးရွာတွင်း 400 Volt လိုင်းဆွဲနိုင်ရန် ကျေးရွာမီးလင်းရေးကော်မတီဖွဲ့စည်းနိုင်ရေး ဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ စပါးရိုကျေးရွာအုပ်စုတွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)