မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး မကွေးမြို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose  ထိုးနှံပေးခြင်းအား ကြည့်ရှုအားပေး

မကွေး ဇွန် ၂၈

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ယနေ့နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးတွင် မကွေးမြို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

‌ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ဟိုတယ်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစံနှုန်းများနှင့်အညီ စနစ်တကျ ‌ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်စေရေး ဟိုတယ်ဝန်ထမ်းအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်၊

ထို့နောက် မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီသွားညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးဇော်လွင်ထက်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို အမျိုးသားခရီးသွားဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီမှ လမ်းညွှန်မှုဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအား ပြည်တွင်းပြည်ပ ခရီးသွားဒေသတစ်ခုဖြစ်ရန် မိမိတို့ဦးစီးဌာန အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိရာ ဟိုတယ်များအနေဖြင့် ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ ယနေ့တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဝန်ထမ်း (၁၂၈) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်နှင့် တာဝန်ရှိသူများက Health & Safety Protocol (HSP) အစီအစဉ်အရ National Level  နိုင်ငံအဆင့် အသိအမှတ်ပြုလက်မှတ် လျှောက်ထားဆောင်ရွက်လျက်ရှိသည့် မကွေးမြို့ ထိန်ထိန်သာ ဟိုတယ်သို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစံနှုန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ သွားရောက်စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုအောင် (ပြန်/ဆက်)