ကျိုက်လတ် ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၈) အခြေခံပညာ မူလတန်းလွန် ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာမင်းသိန်းက ခြင်အမျိုးအစား သုံးမျိုးရှိကြောင်း ခြင်ကျား၊ ငှက်ဖျားခြင်၊ ဆင်ခြေထောက်ခြင်တို့ဖြစ်ပြီး ဥ ဥပြီး အကောင်ပေါက်ရန် (၁၀)ရက်ကြာကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည့် ခြင်ကျားကိုက်ခြင်းကြောင့် ဖြစ်ကြောင်း၊ ပိုးလောက်လန်းရှိသည့် ဘုရားပန်းအိုး၊ ရေစည်၊ ရေအိုးများကို ပိုးလောက်လန်းဘဝမှ ခြင်အကောင်မဖြစ်စေရန် (၇)ရက်တစ်ခါ ရေများ လဲလှယ်ပေးသင့်ကြောင်း၊ ခြင်များ အလွယ်တကူ ပေါက်ပွားနိုင်သည့် နေရာများ၌ အဘိတ်ဆေး ခတ်ခြင်းများ၊ ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားရန်လိုကြောင်းများ၊ ခြင်ထောင်ထဲတွင် စာကျက် သင့်ကြောင်း၊ ခြင်ဆေးခွေသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသဖြင့် မထွန်းသင့်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်းတို့ကို တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်