စံပြစက်မှုလယ်ယာ ဧက(၁၀၀) မျိုးစေ့ထုတ်စိုက်ခင်းတွင် ထရိုင်ဂိုဂရားမားဥကပ်ပါးနဂျီ(ဒုတိယ)အကြိမ် လွှတ်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်

ဟင်္သာတ  စက်တင်ဘာ  ၈

ဟင်္သာတမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ထရိုင်ဂိုဂရားမားဥကပ်ပါးနဂျီ(ဒုတိယ)အကြိမ် လွှတ်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၈ နာရီက မြို့ကွင်း ကျေးရွာအုပ်စု စံပြစက်မှု လယ်ယာ ဧက(၁၀၀) မျိုးစေ့ထုတ် စိုက်ခင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဧက(၁၀၀) စိုက်ခင်းတွင်ပါဝင်သည့် တောင်သူများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမျိုးမင်းလွင်ဦး အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် ပိုးမွှားတာဝန်ခံ ဒေါ်ချိုချိုမာနှင့် ကွင်းဝန်ထမ်းများက ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ ကောင်များ၏ အခြေခံသဘောတရားနှင့် ဥကပ်ပါးနဂျီဖြစ်စဉ်များ၊ ဖြုတ်ပိုးအန္တရာယ် ကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများ၊ ကန္တရနှံကောင် ကျရောက်ဖျက်ဆီးမှု သိမှတ်ဖွယ်ရာများကို အသိပညာပေး ရှင်းလင်း ဟောပြောခဲ့သည်။

ထို့နောက်  ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ မွေးမြူ‌ပေးပို့သော ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ ကဒ်များကို စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊  ကွင်းဝန်ထမ်းများနှင့် မျိုးစေ့ထုတ် တောင်သူများ ပူပေါင်းပြီး အဆိုပါစံပြကွက် မျိုးစေ့ထုတ် စိုက်ခင်းများတွင် (ဒုတိယ)အကြိမ် လွှတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)