မြဝတီမြို့၌ ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မြဝတီ ဇွန် ၂၈

ရေဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေး နေရာချထားရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို   စနစ် တကျ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲက ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၁)ရပ်ကွက်ရှိ သောင်ရင်းမြစ်ကမ်းဘေးတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ သင်္ဃန်းညီနောင်အခြေ ချစစ်ဗျူဟာမှူးဗိုလ်မှူးကြီးဝင်းနေလွင်က တက်ရောက်ကြည့်ရှုအားပေးကာ မြဝတီခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်ကအဖွင့်အမှာစကားပြောကြားပေးပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ခရိုင် ဦးစီးမှူးဦးဉာဏ်မြင့်က ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားသည်။

ထို့နောက်  ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ရာ  ခရိုင်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ပေးပို့သည့်  မြစ်ရေကြီးမှုအခြေအနေ ခန့်မှန်းချက်များအား သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ အသံချဲ့စက်ဖြင့်  လိုက်လံအသိပေးနှိုးဆော်ခြင်း၊ သောင်ရင်းမြစ်အတွင်း ရေနစ်မြုပ်သူအား ရှာဖွေကယ်ဆယ်ပြီး ရှေးဦးသူနာပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊  စိုးရိမ်လူနာများအား လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ ရပ်ကွက်နေအိမ်များအတွင်းသို့ ရေဝင်ရောက်ပါက ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးပြီး နေရာချထားပေးခြင်း၊  စာရင်းကောက်ယူခြင်းများနှင့်တာဝန်ရှိသူများက ရေဘေးရှောင်ပြည်သူများအား အားပေးစကားပြောကြားပေးပြီး ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာတွင် မြဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဝန်ထမ်းများ၊ တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်မှအဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက် ပေးသည်။

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့သည် နှစ်နိုင်ငံနယ်နိမိတ် ပိုင်းခြားထားသည့် သောင်ရင်းမြစ်ဘေးတည်ရှိသည့်မြို့ဖြစ်၍   ရေကြီးမှုဖြစ်စဉ်ဖြစ်ပွားလေ့ရှိသဖြင့်   ယခုကဲ့သို့ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာနတာဝန်ရှိသူထံမှ သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)