မိုးညို ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က မိုးညိုမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားပြီးသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေးမထိုးနှံရသေးသူများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များအား ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ ဇွန်လ ၂၈ ရက် မှ၂၉ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှလည်း ဆေးရရှိမှုအပေါ်မူတည်၍ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း