လှိုင်းဘွဲ ဇွန် ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့သည် ဇွန်လ ၂၆ ရက်နေ့နေ့လယ်(၂)နာရီအချိန်က ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာရှိ ရေဘုတ်ဆည်ရေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်ကြသော အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားများအား သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို သမ္ဘာန်ကျေးရွာမြို့နယ်စိုက်ပျိုးရေးအသိပညာစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမအသင်းသားများအား စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည်များကို လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် သမဝါယမအသင်းသားတစ်ဦးက လိုအပ်ချက်များ ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးလင်းခိုင်က မွေးမြူရေးဇုန်ရှိ မွေးမြူရေးတောင်သူများ လိုအပ်သောချေးငွေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကိုရှင်းပြ၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် သမဝါယမစိုက်ပျိုးရေးအသင်းသားများအား သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)