မြိတ် ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အနာဂတ်တိုင်းပြည်၏ သားကောင်းသမီးကောင်းရတနာ ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးဆိုးကျိုးများသိရှိပြီး ရှောင်ရှားတတ်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲများကို စာသင်ကျောင်းများ၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးအစီအစဉ်ကို အမှတ်(၃၅)မူးယစ်တပ်ဖွဲ့စု (မြိတ်) နှင့် အခြေခံပညာဦးစီးဌာန မြိတ်မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ယမန်နေ့နံနက်ပိုင်းက အထက(၆) အုန်းတောကျောင်းတွင် အထက်တန်းအဆင့် ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့သည်။
မူးယစ်ဆေးဝါအန္တရာယ်အကြောင်း အသိပညာပေးအစီအစဉ်တွင် မူးယစ်အစဆေးလိပ်က၊ ကွမ်းစားသုံးခြင်းအန္တရာယ်နှင့်သတိ ပေးနှိုးဆော်ချက်များ၊ ခံတွင်းကင်ဆာဖြစ်ပွားခြင်း၊ မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ဆိုးကျိုးများအ ကြောင်း၊ မြန်မာနိုင်ငံတွင် တွေ့ရှိရသော မူးယစ်ဆေးဝါးများအကြောင်းကို Power Point ဖြင့် အကျယ်တဝင့် ဆွေးနွေးပြောကြား ခဲ့သည်။
ဟောပြောပွဲတွင် အထက(၆)ကျောင်းအုပ်ကြီး ဦးအောင်မင်းစိန်က ကျောင်းသား/သူများအားမူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို သေသေချာချာ လေ့လာမှတ်သားလိုက်နာကြရန်ပြောကြားပြီး အမှတ်(၃၅)မူယစ် တပ်ဖွဲ့စု(မြိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဆန်းညွန့်အောင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောသည်။
အလားတူ နေ့လယ်ပိုင်းတွင် အထက(၃)မြိတ်၌ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး ဟောပြောပွဲတွင် ကျောင်းသား/သူများအား အမှတ်(၃၅)မူးယစ်တပ်ဖွဲ့စု(မြိတ်)မှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော၍ မူးယစ်ဆေးဝါး အသိပညာပေးလက်ကမ်းစာစောင်များကို မြိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဝေငှ ပေးခဲ့ကြသည်။ ထို့အတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )