အိမ်မဲမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ

အိမ်မဲ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပေးရခြင်းအကြောင်း ရည်ရွယ်ချက်များနှင့် အဖွင့်အမှာစကားများကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး အကပြိုင်ပွဲဝင်(၂)ဦးက တစ်ပင်တိုင်အကဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အ.ထ.က ကြခတ်ကွေ့၊ အ.ထ.က ကြို့ကုန်း၊ အ.ထ.က ရွာသစ်၊ အ.ထ.က(၁) အိမ်မဲ၊ အ.ထ.က လူကောင်းကျွန်း၊ အ.ထ.က ဘုရားကြီးကုန်း၊ အ.ထ.က ဝါးတလုတ်ကမ်းနီ၊ အ.ထ.က တကူဆိပ်၊ အ.ထ.က ကျုံတလုတ်၊ အ.ထ.က(၂)အိမ်မဲ ကျောင်းတို့မှ ကျောင်းသူလေးများက ကဗျာလွတ်အကများဖြင့် ကပြယှဉ်ပြိုင်ကြသည်။ ထို့နောက် အဆိုဝါသနာရှင်(၃)ဦး၊ အတီးပြိုင်ပွဲဝင် (၂)ဦးဖြစ်သည့် တယောနှင့် ဆိုင်းအတီးတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကဗျာလွတ်အကပြိုင်ပွဲတွင် ပထမဆုကို အ.ထ.က ကြို့ကုန်း၊ ဒုတိယဆုကို အ.ထ.က တကူဆိပ်၊ တတိယပူးတွဲဆုကို အ.ထ.က လူကောင်းကျွန်းနှင့် အ.ထ.က(၂)အိမ်မဲကျောင်းတို့ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)