ဖျာပုံ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာနှင့် ဝန်ထမ်းများသည် အမှတ်(၁၇)ရပ်ကွက်ရှိ လိပ်ဥကုန်းဘုန်း တော်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မရိပ်သာကြီးရှိဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အဘိုးအဘွားများအား “သက်ရှည်ကျန်းမာနေနိုင်ရေး တိုင်းရင်းဆေးဖြင့်ပညာပေး” ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီခွဲ အချိန်က အဆိုပါဘုန်းတော်ကြီးကျောင်း ဓမ္မရိပ်သာတွင် ဆောင်ရွက်ကြသည်။
ထိုသို့ တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေးရခြင်းနှင့် ပတ်သက်၍ ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာန၊ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာက မိုးရာသီတွင် ဖြစ်တတ်သော ရောဂါများအကြောင်း အသိပညာပေး ဟောပြောပြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား သက်ရှည်ကျန်းမာစွာ နေနိုင်စေရန်အတွက် ရပ်ကွက်/ကျေးရွာများသို့ အပတ်စဉ်ကွင်းဆင်းဆေးကုသခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လိပ်ဥကုန်းဘုန်းတော်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မရိပ်သာရှိ တရားစခန်းတွင် တရားအားထုတ်နေကြသော ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အဘိုးအဘွားများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းကျန်းမာမာ တရားဘာဝနာများ အားထုတ်နေနိုင်စေရန်အတွက် သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါဝေဒနာအလိုက် လိမ်းဆေး၊ သောက်ဆေးများပေးခြင်းတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသပေးရာ ဆရာတော်၊ သံဃာတော်(၁၀)ပါး၊ သီလရှင်(၂၀)ပါး၊ အဘိုး(၁၀)ဦး၊ အဘွား(၃၃)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြောင်း ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာနခရိုင် တိုင်းရင်းဆေးဦးစီးမှုးထံမှ သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)