ဟိုင်းကြီးကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ဒီရေတောသစ်ပင်များ စိုက်ပျိုးရခြင်းအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဟိုင်းကြီးကျွန်း ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပြည်သူများ အဖိုးတန်ဒီရေတောများ၏ အရေးပါပုံကိုသိရှိပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်နှင့် ဒီရေတောနှင့် ပတ်သက်သော အသိပညာ ဗဟုသုတရစေရန်အတွက် ဇွန်လ ၂၅ ရက်နေ့ နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒီရေတောသစ်ပင်များ စိုက်ပျိုးရခြင်းအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းယုမော်မှ ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် ဟိုင်းကြီးကျွန်းမြို့ သစ်တောဦးစီးဌာနမှ ဦးဝင်းသိန်းအောင်(တောအုပ်)က ဒီရေတောများသည် သဘာဝပတ်ဝန်းကျင်အတွက် အကျိုးပြုပုံများ၊ ဂေဟစနစ်ကို ပြုပြင်ပြောင်းလဲပေးရာတွင် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ်အဖြစ် ရှိနေပုံများ၊ ဒီရေတောများကို မှီခိုပြီး ရေနေသတ္တဝါများ၏ ဖြစ်တည်မှုများ၊ ဒီရေတောများသည် လူသားများအတွက် သဘာဝဘေးအန္တရာယ်ကို ကာကွယ်ပေးနေပုံများကို အသိပညာပေး ပြောကြားပြီး ဒီရေတောများကို အလွန်အမင်း ခုတ်ထွင်သုံးစွဲမှုများ မပြုလုပ်ကြရန်နှင့် ဒီရေတောများကို ပြန်လည်ပြုစုပျိုးထောင်ပြီး စိုက်ပျိုးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ပြန်/ဆက်)