ဘောလခဲမြို့တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဘောလခဲ စက်တင်ဘာ ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ရေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဒေါ်လှကြည်က အမှာစကား ပြောကြားရာ တွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းကို ရွေးကောက်ပွဲကျင်ပမည့် မတိုင်မီ (၁)ရက်အလိုထိ ရက်ပေါင်း(၆၀)မဲဆွယ်စည်းရုံးခွင့်ရှိပါကြောင်း၊ မဲဆွယ်စည်းရုံးသည့်နေရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွန်ကြားချက်များနှင့် အညီ လိုက်နာကြရမည်ဖြစ်ကြောင်း၊ယခာကာလတွင် COVID-19 ရောဂါဖြစ်ပွားသည့် ကာလ အခြေအနေအရ မဲဆွယ်စည်းရုံးသောအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်း ညွန်ကြားချက်နှင့်အညီ အထူးလိုက်နာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီးခရိုင်ရွေးကောက်ပွဲအရာရှိ ဦးကျော်လင်းမောင်က မဲဆွယ်စည်းရုံးခွင့် လျှောက်ထားခြင်း၊ မဲဆွယ်စည်းရုံးခွင့်ပြုချက်ထုတ်ပြန်ခြင်းနှင့် မဲဆွယ်စည်းရုံးရာတွင် လိုက်နာ ရမည့် ဥပဒေ၊နည်းဥပဒေ၊ညွန်ကြားချက်များ ဆောင်ရန်/ရှောင်ရန်အချက်များကို ဖတ်ကြား ရှင်းလင်း ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကော်မရှင်အဖွဲ့ဝင်များ၊ရွေးကောက်ခံမည့် ပါတီ ကိုယ်စား လှယ်များက စည်းရုံးရေးနှင့် စပ်လျဉ်းသည့်အကြောင်းများကို ပြန်လည်ဆွေးနွေး မေးမြန်း ခဲ့ကြောင်း သိရသည်။

ဖိုးရယ်