ဖားဆောင်း ဇွန် ၂၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သူနာပြု(၁)ဒေါ်သက်သက်ထွေးနှင့် ကျန်းမာရေး၀န်ထမ်းများက ဖားဆောင်းမြို့နယ်အတွင်းရှိ ကိုယ်၀န်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ သံဓာတ်အားဆေးပြားများအား နေ့စဉ်သောက်ရန်ပေးခြင်း၊ သွေးအားနည်းခြင်းရှိ/ မရှိစစ်ဆေးပေးခြင်း၊ ဆစ်ဖလစ်ရောဂါအတွက်သွေးစစ်ပေးခြင်း၊ တီဘီရောဂါလက္ခဏာရှိ/ မရှိမေးမြန်းခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ ကိုယ်၀န်စမ်းသပ်ပေးခြင်း၊ ဗီတာမင်ဘီ၀မ်းဆေးပြားသောက်ရန်ပေးခြင်း၊ မွေးဖွားခါနီးလက္ခဏာများအားအသိပေးခြင်း၊ မွေးဖွားမည့်ခန့်မှန်းရက်ထက်တစ်ပတ်ကျော်ပါက ကျန်းမာရေးဌာနသို့ လာရောက်ပြသရန် အကြံပြုခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။
အလားတူ အသက်(၁)နှစ်အောက်ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယို၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ကာကွယ်ဆေးများအား ထိုးနှံတိုက်ကျွေးခဲ့ကြကြောင်းနှင့် အဆိုပါပုံမှန်ကာကွယ်ဆေးများကို သတ်မှတ်ထားသောအကြိမ်၊ သတ်မှတ်ထားသောအသက်အရွယ်တွင် ဆေးထိုး/ဆေးတိုက်ပေးခြင်းများ ပြုလုပ်ပေးနိုင်မှသာလျှင် အထက်ပါရောဂါပိုးများမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
နန်းသဲနုအောင် (ဖားဆောင်း)