စစ်ကိုင်း ဇွန် ၂၇
စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲကို ဇွန်(၂၇)ရက်၊ နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း ကျင်းပခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲဖွင့်ပွဲတွင် စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစိုးမြင့်အေးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာနိုင်မှာဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှုများရရှိကာ ချစ်ခင် ရင်းနှီးလာမှာဖြစ်ကြောင်း၊ တနည်းအားဖြင့် အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးမှာဖြစ်ကြောင်း၊ ကျန်းမာရေးကောင်မွန်မှာသာ မိမိတို့ရဲ့ ဝါသနာ၊ ဆန္ဒ၊ ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ပြိုင်ပွဲများကိုလည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားကြပါလို့ အထူးမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ သည်။
အားကစားများပြိုင်ပွဲဖွင့်ပွဲအား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် သတ္တဗေဒနှင့်ရူပဗေဒဘာသာရပ်အသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြပြီး ပါမောက္ခချုပ်နှင့် ဌာနမှူး(ပါမောက္ခ) များ၊ သင်ကြားရေး ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)