လွိုင်ကော် စက်တင်ဘာ ၈
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွား လမ်းလာ၊ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်သည့် အလေ့အထရှိပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယမန်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ နောင်ယားကန်သာဘေးအနီးနှင့် ဒေါဉခူမီးပွိုင့် လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်း ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မဖြစ်မနေ Mask တပ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် လွိုင်ကော်မြို့ ဒေါဉခူမီးပွိုင့်လမ်းဆုံနှင့် နောင်ယားကန်သာဘေးအနီးတွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြည်သူများ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် လမ်းသွား ၊ လမ်းလာပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အိမ်အပြင်ထွက်ပါက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ကြားချက်များနှင့်အညီ Mask တပ်ဆင်သွားလာရန် အသိပေးပြောကြားပြီး Mask တပ်ဆင်ခြင်းမရှိပါက Mask နှစ်ခုကို ငွေကျပ် (၁၀၀ဝ) ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ ကြောင်း သိရှိရသည်။
အောင်ထွန်းလေး (ပြန်/ဆက်)