လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပညာရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများအား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင်းပ

လှိုင်းဘွဲ ဇွန်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်)စက်ဝန်းတွင်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ပညာရေးဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများအား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး (မြို့နယ်စီမံကိန်းတာဝန်ခံ)ဦးဌေးလင်းက လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်)စက်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ပညာရေးကဏ္ဍနှင့်သက်ဆိုင်သည့် အဆောက်အဦများ လွှဲပြောင်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်)စက်ဝန်းမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများအား ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (ပြည်နယ်စီမံကိန်းတာဝန်ခံ) ဦးမင်းဝေဖြိုးက ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်နှင်းနန္ဒာလင်းလင်းစောထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောကျော်နိုင်ထွန်းက တတိယနှစ်စက်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်) စက်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲသော လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာ(၃၉)ရွာမှ စာသင်ကျောင်းအသစ်တည်ဆောက်ခြင်းလုပ်ငန်း(၁၇)ခု၊ စာသင်ကျောင်း တိုးချဲ့ပြင်ဆင်ခြင်းလုပ်ငန်း(၅)ခုနှင့် စာသင်ကျောင်းနှင့်ဆက်စပ်သည့် အခြေခံအဆာက်အဦများ တည်ဆောက်ခြင်းလုပ်ငန်း(၁၇)ခုတို့ကို လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေ(၇၅၃,၆၄၅,၀၉၀)ကျပ်နှင့် ပြည်သူထည့်ဝင်ငွေ (၁၀,၁၃၁,၄၀၀) ကျပ် စုစုပေါင်းငွေ(၇၆၃,၇၇၆,၄၉၀)ကျပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)