ကျိုက်လတ်မြို့၌ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျိုက်လတ် ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်က ကျိုက်လတ်မြို့၌ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် (၁၇)ဦးရှိကြောင်းနှင့် လိုအပ်သော အထောက်အပံ့များ ဆောင်ရွက်ပေးရမည့် အချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်းက အစဉ်အလာမပျက်၊ ပို၍ တိုးတက်အောင် ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ကြရန်နှင့် ဌာနဆိုင်ရာများမှ ပံ့ပိုးကူညီ ပေးကြရန်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် ကော်မတီဝင်များက ရှင်းလင်းဆွေးနွေးတင်ပြကြရာ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပေးပြီး အစည်းအဝေးအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သဘင်အစည်းအရုံး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)