ထန်းတပင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ထန်းတပင်(ပဲခူး) ဇွန်၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဆွေးနွေးပွဲကို မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အောင်သုခရပ်ကွက် ညောင်ဝိုင်း​ဘုန်း​တော်ကြီးကျောင်း အေးသုခဓမ္မာရုံတွင် နည်းပညာဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်လွင်က ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မား လာစေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း မိဘပြည်သူများအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဘုန်းကျော်က မွေးမြူရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)