မချမ်းဘော့ ဇွန် ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများနှင့် ထူးချွန်စွာအောင်မြင်နိုင်ရေး သင်ကြားပြသခဲ့သည့် ဆရာ/မများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မချမ်းဘော့မြို့ ဂူဘားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းသာ/သူလေးများက “မြန်မာ့ကျောင်း”တေးသီချင်းအား သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပူတာအိုခရိုင် ပညာရေးကော်မတီဥက္ကဋ္ဌ၊ ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးမှ ကချင်ပြည်နယ်အတွင်း ပူတာအိုခရိုင်သည် ဝေးလံခေါင်ဖျားသည့် မြို့နယ်များ စုစည်းသည့် ခရိုင်တစ်ခုဖြစ်ပြီး ပညာရေးကဏ္ဍတွင် ကျောင်းသား/သူများမှာ အခက်အခဲမျိုးစုံဖြင့် ပညာသင်ယူကြရကြောင်း၊ ပြီးခဲ့သည့် ပညာသင်နှစ်တွင် အခက်အခဲများကြားမှ ယခုကဲ့သို့ ထူးချွန်စွာ အောင်မြင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဆရာ/မများနှင့် ကျောင်းသား/သူများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက တစ်ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၅)ဦးတို့အား ဂုဏ်ပြုဆုငွေ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး လေးဘာသာဂုဏ်ထူးရှင် မသင်းယုယုထွေးအား ပူတာအိုခရိုင် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးခေါင်လန်ဒီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင် မြင်နိုင်ရေး သင်ကြားပြသပေးခဲ့သည့် ဆရာ/မ(၉)ဦးအား တာဝန်ရှိသူများမှ ဂုဏ်ပြုအမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်မှ မချမ်းဘော့မြို့နယ်အတွင်း မူလတန်းအဆင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့သည့် လက်ရေးလှ ဗလာစာအုပ်ဒါဇင် (၁၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဉာဏ်လင်းထွန်းမှ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဆွေထံ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့သည်။
ကချင်ပြည်နယ် မချမ်းဘော့မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူ (၇၀)ဦးအနက် (၆၆)ဦး ဝင်ရောက်ဖြေဆိုကြပြီး (၂၆)ဦးအောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း (၃၉ ဒသမ ၃၉)ရာခိုင်နှုန်းဖြစ်ပြီး အခမ်းအနားအပြီးတွင် ကျောင်းသား/သူလေးများက “ပြည်မြန်မာ” တေးသီးချင်းအား သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)