ဟင်္သာတ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့ အထက ၁ ကျောင်း ဟင်္သာခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အထက ၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းက သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ် ပြဿနာများ၊ သစ်တောသစ်ပင် များ၏ အကျိုးကျေးဇူးများ၊ ကမ္ဘာကြီး ပူနွေးမူကို ဖြစ်ပေါ်စေသော အကြောင်းအရာများ၊ ရေချိုကို အလွန်အကျွံသုံးစွဲမှုကို ရှောင်ရန်အချက်များ၊ သစ်ပင်သစ်တောများကို ချစ်မြတ်နိုး၍ ရာသီဥတုနှင့် လိုက်လျော ညီထွေ နေထိုင်တတ်စေရန် အကြောင်းအရာများ ဟောပြောခဲ့ပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုကို တက်ရောက်လာသူများအား ဖွင့်လှစ်ပြသခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ပညာရေးဋ္ဌာနမှ တာဝန်ရှိသူများ အထက (၁)ကျောင်းအုပ် ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ