ဖောင်းပြင်မြို့နယ်တွင် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်ကွက် ဧက ၃၀၀ အတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီးဖြစ်

ဖောင်းပြင် စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဥ် CERP အရ ယခုနှစ်၌ မိုးစပါးမျိုးစေ့ထုတ်ကွက် ဧက ၃၀၀ကို Knowledge Centre (၃)ခုတွင် စိုက်ပျိုးထားရှိရာ အဆိုပါ စိုက်ပျိုးတောင်သူများအတွက် ထောက်ပံ့ရန်ပုံငွေ (၄၄၇၅၀၀၀၀) ကျပ်ကို စက်တင်ဘာလ ၆ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်း အဝေးခန်းမတွင်  အပြီးထုတ်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦ:စီးဌာနရုံးမှ သိရသည်။

ဖောင်းပြင်မြို့နယ်တွင် မိုးစပါးမျိုး RS to CS မျိုးစေ့ထုတ်ကွက်ကို နန်းပန်(KC)၌ ဧက( ၁၈၀)၊ မိုင်းချောင်း(KC)၌ ဧက (၆၀)၊ စန္ဒား(KC)၌ ဧက(၆၀) စုစုပေါင်း စိုက်ဧက ၃၀၀၌ အရည်အသွေးကောင်းမျိုး ဧရာမင်းစပါး၊ အထွက် ကောင်းမျိုးများဖြစ်သော ဆင်းသုခ၊ ရက်(၉၀)စပါးနှင့် ဆင်းဧကရီ-၃ စပါးမျိုးတို့ကို စိုက်ပျိုးထားရှိပြီး ယင်းစိုက် ခင်းများအတွက် မျိုးစေ့တန်ဘိုး၊ စိုက်စရိတ်၊ မျိုးကွဲပယ်ခြင်းနှင့် မျိုးသန့်စင်ခြင်းများအတွက် ကုန်ကျစရိတ်များ ကို ထုတ်ပေးခြင်းဖြစ်ကြောင်း အဆိုပါဌာနမှသိရသည်။

ကိုထွန်း(ဖောင်းပြင်)