နတ်မောက် ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ တောင်သူများသည် ၂၀၂၂ ခုနှစ်မိုးစိုက်သီနှံအဖြစ် ပင်ထောင်မြေပဲများကို စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် ပင်ထောင်မြေပဲခင်းများ ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း မေလ(၅) ရက်နေ့မှစ၍ ဒေသအချို့တွင်လည်းကောင်း၊ မေလ(၉) ရက်နေ့များတွင် ကျေးရွာအများအပြားသို့လည်းကောင်း၊ မိုးရွာသွန်းခဲ့၍ ၎င်းမိုးဖြင့် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ ပင်ထောင်မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ချည်မျင်ရှည်ဝါများကို တောင်သူများက စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများကပြောသည်။
“ ကျွန်တော်တို့ကတော့ပင်တောင်မြေပဲသီးနှံကို မေလ(၁၀)ရက်လောက်မှာစပြီး စိုက်ပျိုးကြတာပါ၊ အခုဆိုရင်ပင်ထောင်မြေပဲစိုက်ပျိုးပြီးတာတစ်လသားရှိပါပြီ၊ အခုနှစ်မိုးရွာသွန်းမှုသင့်တဲ့အတွက် မျိုးစေ့ချပြီး အပင်ပေါက်နှုန်းက ၉၀ ရာခိုင်နှုန်းလောက် အပင်ပေါက်တယ်လို့ပြောခြင်ပါတယ်၊ ပင်ထောင်မြေပဲ စတင်စိုက်ပျိုးတဲ့နေရာမှာ ဂျောင်းဖော်ရပါတယ်၊ အဲ့ဒီဂျောင်းဖော်ပြီးသားမြောင်းထဲကို မြေပဲဆံချပြီးစိုက်ရတာပါ၊ မြေပဲဆံစိုက်ပြီးရင် နွားရှဉ်းနဲ့ကြမ်းတုံးရိုက်ပြီးမြေဖို့ပေးရပါတယ်၊ မြေဖို့ပြီးရင် ဆေးဖြန်းပုံးနဲ့ပေါင်းအုပ်ဆေးကို ရေနဲ့ဖျော်ပြီး ပက်ဖြန်းပေးရပါတယ် မြေပဲခင်းထဲမှာ ပေါင်းနုတ်တွေ မရှိသလောက်အနေအထားအထိ အကျိုးသက်ရောက်တဲ့အတွက် ပေါင်းထိုးပေါင်းရှင်းလုပ်အားခ သက်သာတာပေါ့၊ ပင်ထောင်မြေပဲ (၁)လသားအရွယ်မှာ ကျောက်မှုန့်ပတ်ပြီး မှိုသတ်ဆေးအနည်းငယ်ဖြန်းပြီးရင် အပင်ပြုစုရတဲ့လုပ်ငန်းပြီးသွားပါပြီ၊ (၁)လသားအရွယ်မှာဘောင်တင်ထားလို့ ပဲပင်တွေအစွယ်ချဘို့ အဆင်သင့်ဖြစ်သွားတာပေါ့၊ ပင်ထောင်စိုက်ပြီး ရက်ပေါင်း (၁၀၀) နဲ့ (၁၁၀) ကြားမှာ မြေပဲဥတွေဖော်လို့ရပြီဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်ကတော့ ပင်ထောင်မြေပဲ တစ်ဧကကို တင်း(၁၀၀) လောက်ထိထွက်ရှိပါတယ်” ဟု ကြူအိုင်ကျေးရွာမှ ဦးသန်းထိုက်စိုးက ပြောသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ ဆီထွက်သီးနှံ ပင်ထောင်မြေပဲစိုက်ဧကမှာ (၃၃၄၅၆) ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မူမူစန်း