မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကြဲပက်ပွဲ ကျင်းပပြုလုပ်

သာယာဝတီ ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကြဲပက်ပွဲကို ယနေ့နံနက်ပိုင်းက အင်းရွာအုပ်စု၊ ကျွဲသတ်ကျေးရွာရှိ စံပြကွက်လယ်ယာမြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဦးစီးမှူးဦးပြုံးချိုက သစ်စိမ်း​မြေသြဇာ(ပိုက်ဆံလျှော်)အား မြေသားတည်ဆောက်မှု တိုးတက်ကောင်းမွန်စေရန်၊ မြေတွင်းအာဟာရဓာတ်များကြွယ်ဝစေရန်၊ ဓာတ်မြေဩဇာများရေရှည်အသုံးပြုခြင်းကြောင့် မြေဆီလွှာတွင်း သဘာဝမြေဆွေးဆုံးရှုံးခြင်း၊ မြေချဉ်ငန်ကိန်းများ ပြောင်းလဲလာခြင်းနှင့် အကျိုးပြုအဏုဇီဝများနည်းခြင်းကြောင့် သီးနှံအထွက်လျော့ကျခြင်းကို အလွယ်ဆုံးနှင့်အသက်သာဆုံးဖြေရှင်းနိုင်ရန်၊ တောင်သူများလက်ရှိကြုံတွေ့နေရသော ဓာတ်မြေဩဇာရှားပါးမှုနှင့် ဈေးနှုန်းကြီးမြင့်မှုတို့ကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ သာယာဝတီမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ မိုးစပါးရာသီ၌ သစ်စိမ်းမြေဩဇာအဖြစ် ပိုက်ဆံလျှော်စိုက်ဧက(၅၈၄)ဧက စိုက်ပျိုးထားရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုနှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာများမှတောင်သူများ တက်ရောက်ခဲ့ကြ​ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)