မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ဆုရရှိသူများအား ဂုဏ်ပြု

လက်ပံတန်း ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်(Thuta Quiz Idol Season-1) တစ်နိုင်ငံလုံးပထမဆုရှင်နှင့် သုတစံပြမောင်/မယ်၊ ဆုရကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုပေးပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို လက်ပံတန်းမြို့ဘုရားကြီးကျောင်းတိုက် မြို့နယ်သာသနာ့ဗိမာန်၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ တိုင်းသံဃနာယကအဖွဲ့ဝင် လက်ပံတန်းမြို့နယ်သုတစုံလင်အဖွဲ့ ဩဝါဒစရိယဆရာတော် ဘဒန္တအရိယဝံသထံမှ ငါးပါသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ အောင်သုခကျောင်းဆရာတော်က ဩဝါဒစကားချီမြှင့်ပြီး လက်ပံတန်းမြို့နယ်သုတစုံလင်အဖွဲ့ တာဝန်ခံဆရာတော် ဦးဇာနေယျက စာမေးပွဲဆိုင်ရာကိစ္စများကို ရှင်းလင်းလျှောက်ထားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် တစ်နိုင်ငံလုံးပထမဆု ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရ မဇာခြည်ကျော်နှင့် သုတစံပြမယ်ဆုရ(၄)ဦး၊ ပြိုင်ပွဲဝင်ဆုရ(၃)ဦး၊ ဗုဒ္ဓဝင်စာဖြေဂုဏ်ထူးအောင်(၄)ဦး၊ အထူးအောင်(၆)ဦး၊ ရိုးရိုးအောင်(၂)ဦးတို့အား လက်ပံတန်းမြို့နယ်သုတစုံလင်အဖွဲ့ ဩဝါဒစရိယဆရာတော်များနှင့် တာဝန်ရှိသူများက ငွေသားနှင့်ဆုတံဆိပ်များချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပိတ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)